`` သူရမချစ်ပိုရဲ့
လဲလျောင်းအိပ်စက်ရာ စံအိမ်လေးပါ ´´
အုတ်ဂူဖြူဖြူလေးတစ်လုံးကို ပြင်ဦးလွင်မြို့ ထုံးဘိုရပ် လမ်းဘေးမြို့ထဲမှာ ရှိနေကြတော့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းနဲ့အတူ ရွှေ့ပစ်သင့်ကြောင်း တွေးထင် ယူဆနေသူများကို သိစေချင်ပါတယ်။
မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံတွင်
တစ်ဦးတည်းသောအမျိုးသမီး ``သူရ´´ဘွဲ့ပိုင်ရှင်
လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်း
တပ်ကြပ်လှမောင်၏ဇနီး ထားဝယ်သူလေး
``သူရမချစ်ပို´´ ဆိုတာကို ယနေ့ခေတ်လူငယ်တွေ သိချင်မှ သိကြပါလိမ့်မယ်။
၁၉၀၇ ခုနှစ်တွင်ထားဝယ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး မောင်ဖြစ်သူက လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်မှာ BE တပ်ထဲကိုဝင်သွားလို့ စိတ်ပူပြီး လိုက်ရှာရင်း ပြင်ဦးလွင်မြို့ကို ရောက်ရှိကာ ဦးပု + ဒေါ်ကြွယ်တို့နှင့်ဆုံပြီး သမီးအရင်းသဖွယ် မွေးစားခံခဲ့ရရင်းမှ တပ်ကြပ်လှမောင်နဲ့ အကြောင်းဆုံမက် ပေါင်းဖက်ခဲ့တာကို ခင်ဗျားတို့ သိကြပါရဲ့လား ???
လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၄၉ ခုနှစ်ဖေဖေါ်ဝါရီလ၂၁ ရက်နေ့မှာ KNDO တပ်ဖွဲ့တွေက မေမြို့ ( ယခုပြင်ဦးလွင် ) ကို အလစ်အငိုက် စီးနင်းသိမ်းပိုက်လိုက်တော့ မေမြို့အခြေစိုက် ဗိုလ်မှူးထင်ပေါ် ဦးစီးသော အမှတ်(၁) BEတပ်ခွဲနဲ့ ဗိုလ်ကြီးဘဖြူ ဦးစီးသောအမှတ် (၂) BE တပ်ခွဲတို့ဟာ ရရာလက်နက်ခဲယမ်းများသိမ်းဆည်းပြီး လားရှိုးဘက်ကို ဆုတ်ခွါခဲ့ရတာကို ခင်ဗျားတို့ သိကြပါရဲ့လား ???
့ဆုတ်ခွာသွားတဲ့ တပ်ဖွဲ့တွေဟာ လားရှိုးမြို့မှာ ပြန်လည်စုဖွဲ့ပြီး ပြင်ဦးလွင်သို့ တကျော့ပြန်ချီတက်လာခဲ့ကြရင်းမှ ပြင်ဦးလွင်မြို့ ရေချမ်းအိုးရွာဘက်မှာ တိမ်းရှောက်နေကြတဲ့ BEတပ်က အရာရှိစစ်သည်များနဲ့ ကျန်ရှိတပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်တွေဟာ BEတပ်မှာ လာရောက်ပူးပေါင်းရင်း တပ်ပေါင်းစုအင်အားဖြင့် ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့မှာ ပြန်လည်တိုက်ခိုက်ခဲ့ရာ ( BE တပ်ကုန်း ) ယခု ပြင်ဦးလွင်မြို့ရှိ အင်ဂျင်နီယာတပ် နေရာကိုပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့အပြင် မြို့တွင်းတိုက်ပွဲအဖြစ် ဆက်လက်တိုက်ခိုက်ခဲ့သော တပ်ဖွဲ့ဝင်များရဲ့ ကြိုးစားမှုကြောင့် မေမြို့- လားရှိုးလမ်း တစ်လျှောက် ( ယခု မန္တလေး - မူဆယ်လမ်းပေါ် ) မြို့မရုပ်ရှင်ရုံအထိ ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြတယ်ဆိုတာကို ခင်ဗျားတို့ သိကြပါရဲ့လား ???
အဲဒီလို အင်ဂျင်နီယာတပ်က တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့လို့ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ကို BEတပ်ဖွဲ့ (ခေါ်) အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့တာကိုကော ခင်ဗျားတို့ သိကြပါရဲ့လား ???
အဲလို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရန်သူပတ်လည် ဝိုင်းနေတဲ့အချိန်မှာ ပြင်ပသတင်းရယူရန် အခက်တွေ့နေချိန် ၊ BEDT ကုန်းက ထွက်တာလာတဲ့ ယောက်ျားမှန်သမျှကို ဖမ်းဆီးခြင်း ၊ အသေပစ်သတ်ခြင်းတွေ လုပ်နေတဲ့အချိန် ၊ ထားဝယ်သူ မချစ်ပိုက သတင်းအချက်အလက်တွေ ရရှိနိုင်အောင် ၊ ရန်သူ့အခြေအနေကို သိနိုင်အောင် နွားကျောင်းသမ ဟန်ဆောင်ပြီး ရန်သူ့နယ်မြေမှာ ဟန်ဆောင်သတင်းရယူခဲ့တာတွေ ၊ အခါအခွင့်သင့်ရင် ရန်သူ ၄/၅ ဦးလောက်ကို လက်ပစ်ပုံးနဲ့ ထုခဲ့တာတွေ ၊ သတင်းစုံစမ်းပေးရုံ ၊ လက်ပစ်ပုံးနဲ့ ခိုးကြောင်ခိုးဝှက် ထုနေရုံသာမက နေ့ဘက်စုံစမ်းလို့ပြီးရင် တိုက်ခိုက်ရေးတပ်ဖွဲ့နှင့်အတူ သေနတ်ကိုင် တိုက်ပွဲဝင်ရန်တောင်းဆိုလို့ ဗိုလ်ဘဖြူက ခွင့်ပြုခဲ့ရတာတွေ ၊
တစ်နေ့ ရန်သူ့ထောက်ပံ့ရေးကုန်းကို ဝင်စီးတဲ့ ညတစ်ညမှာ မချစ်ပိုပါဝင်တဲ့အဖွဲ့က ရန်သူရဲ့ ခံစစ်စည်းထဲကို အတင်းထိုးဖောက်ဝင်ရောက်သွားချိန် ရန်သူများခေါင်းမထောင်နိုင်အောင် ဖြစ်နေသော်လည်း ခံစစ်စည်းမို့ သိမ်းပိုက်ရန် အခက်တွေ့နေချိန်မှာ စစ်သည်များက လှံစွပ်နဲ့ တက်ထိုးရန်ပြင်ဆင်ကြပေမယ့် မချစ်ပိုကလက်မခံဘဲ အထိနာမှာစိုးရိမ်ပြီး လက်ပစ်ဗုံးနဲ့ သူတစ်ယောက်တည်း တက်ပစ်မယ်ဟုဆိုခြင်းကို ကျန်စစ်သည်များက တားမြစ်သော်လည်း မည်သူ့ကိုမှ ဂရုမစိုက်ဘဲ မားမားမတ်မတ်ရပ်၍ ရန်သူ့ ကတုတ်ကျင်းသို့ လက်ပစ်ပုံးနဲ့ ထပစ်ချိန်မှာ မချစ်ပို အပစ်မခံရစေရန် စစ်သည်များက ကာပစ်ပစ်ပေးပေမယ့် ရန်သူ့ သေနတ်တစ်ချက်က မချစ်ပိုရဲ့ ဝမ်းဗိုက်ကို တည့်တည့်ထိမှန် ခဲ့တာကို ခင်ဗျားတို့ သိကြပါရဲ့လား ???
ထိုတိုက်ပွဲကို မချစ်ပိုရဲ့ စွမ်းဆောင်မှုအပေါင်းဖြင့် အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့လို့ အောင်ပွဲရခဲ့သလို ရန်သူတွေကလည်း မချစ်ပိုရဲ့ အကြောင်းစုံကိုသိရှိပြီး လုံးဝ မကျေနပ်ခဲ့ကြပါဘူး။ စစ်သည်တွေက ဒဏ်ရာရရှိသွားတဲ့ မချစ်ပိုကို ကားဖြင့်သယ်ဆောင်ကာ ပြင်ဦးလွင်မြို့ရှိ
နယူဆေးတိုက်မှ ဆရာဝန်ဒေါက်တာဘရှင်ထံ ပို့ဆောင်ကာ ဆေးတိုက်တွင်ညတွင်းချင်းခွဲစိတ်ကုသစေခဲ့ပါတယ်။ ခွဲစိတ်ကုသပြီးတဲ့အချိန်မှာ KNDO အဖွဲ့များက မသင်္ကာသဖြင့် ဆေးတိုက်ကို လာရောက်စစ်ဆေးကြရာ ဒေါက်တာဘရှင်က မရှိကြောင်း ၊ မလာကြောင်း ပြောဆိုလိုက်သဖြင့် မချစ်ပို အသက်ဘေးက လွတ်ခဲ့ရတာကော ခင်ဗျားတို့ သိကြပါရဲ့လား ???
ဆေးတိုက်မှာ တစ်ပတ်ခန့် ဆေးကုသခံနေတဲ့အချိန် KNDO အဖွဲ့မှ ဗိုလ်အဆင့်ရှိတဲ့ စောဘစံဆိုသူက ထုံးဘိုရပ်ထဲမှ မချစ်ပုဆိုသူ အမျိုးသမီးနှင့်ပတ်သက် ဆက်နွယ်လျှက်ရှိ နေတဲ့အတွက် မချစ်ပုရဲ့ ယုတ်မာကောက်ကျစ်မှုများကြောင့် စောဘစံအဖွဲ့သည် မချစ်ပို ဘယ်မှာရှိနေတယ် ဆိုတာကို သိရှိသွားကြပြီး စောဘစံဦးဆောင်ကာ လက်နတ်ကိုင်လေးငါးဦးခန့်ဖြင့် မချစ်ပိုကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြတာကို ခံခဲ့ရတယ်ဆိုတာကို ခင်ဗျားတို့ သိကြပါရဲ့လား ???
ရန်သူ့လက်တွင်းကို သက်ဆင်းခဲ့ရသော်လည်း မချစ်ပိုဟာ ဒဏ်ရာကို ဂရုမစိုက် ၊ နာကျင်ခြင်းကို မခံစား ၊ စိတ်အားကို မလျှော့ဘဲ ဓါးတိုတစ်ချောင်းကို မရ ရအောင် ဝှက်ယူသွားပြီး ရန်သူနှိပ်စက်သမျှ အံကြိတ်ခံရင်း အနီးကပ် ရန်သူနှစ်ဦးရဲ့ အသက်ကိုပါ ခြွေယူသွားခဲ့လို့ စောဘစံဆိုသူက မကျေမနပ်ဖြစ်ကာ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခဲ့တာကြောင့် မချစ်ပိုဟာ အသက်ပေးခံ့ရတဲ့အပြင် စောဘစံဆိုသူရဲ့ လုပ်ရပ်ကြောင့် မချစ်ပိုဟာ ရေတွင်းထဲကို ပစ်ချခံရတဲ့အပြင် အုတ်ခဲများဖြင့် ဖိဖို့ခြင်းပါ ခံခဲ့ရပြီးနောက် (၈.၄.၄၉)ရက်နေ့ ၊ အသက်(၄၂) အရွယ်မှာ ကျဆုံးသွားရရှာတယ်ဆိုတာကို ခင်ဗျားတို့ သိကြပါရဲ့လား ???
မချစ်ပိုကျဆုံးသောနေ့ရက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များက မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သောနေ့ ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးဖြစ်သော်လည်း ပြည်တွင်းသောင်းကျန်းသူများရဲ့ ရန်အသွယ်သွယ်ကို နှိမ်နင်းနေရဆဲ ကာလပါ။ မချစ်ပိုကျဆုံးအပြီး (၃)ရက်ခန့်အကြာတွင် မေမြို့သို့ တပ်ဖွဲ့များ ပြန်လည်ရောက်ရှိလာပြီး မချစ်ပို၏အလောင်းကို ရေတွင်းပျက်ထဲမှ ပြန်လည်ဆယ်ယူကြပြီးနောက်
(၁၆.၄.၄၉) ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှမန္တလေး - မေမြို့ကားလမ်းအား စစ်ဆေးရန်ရောက်ရှိလာသော ဗိုလ်မှူးကြင်နှင့်စစ်သည်တော်များက မချစ်ပို၏ ရုပ်အလောင်းကို စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ကြပြီး အမိန့်စာကိုတော့ ဦးထွန်းအုံမှ ပြန်ပေးခဲ့တယ်ဆိုတာကို ခင်ဗျားတို့ သိကြပါရဲ့လား ???
နိုင်ငံတော်အတွက်…အသက်ကိုပဓနမထားပဲ
သူရသတ္တိပြောင်မြောက်စွာဖြင့်
နောက်ဆုံးအချိန်ထိ ရဲဝံ့စွန့်စားစွာ
တိုက်ပွဲဝင်ပေးခဲ့သော`` မချစ်ပို ´´ ဆိုသူကို
(၁၉၅၀) ပြည့်နှစ် ၊ လွတ်လပ်ရေးနေ့တွင်
နိုင်ငံတော်အစိုးရမှ``သူရ´´ဘွဲ့တံဆိပ်တော်အား
ထိုက်ထိုက်တန်တန် ချီးမြင့်ပေးအပ်ခဲ့တယ်ဆိုတာကို
ခင်ဗျားတို့ သိကြပါရဲ့လား ???
မြန်မာအမျိုးသမီးများအတွက် အတုယူလေးစား ဂုဏ်ယူသင့်သော ၊ စံပြုထိုက်သော မြန်မာအမျိုးသမီးအဖြစ် မှတ်တမ်းတင်သင့်သော ၊ မြန်မာအမျိုးသမီးများ၏ စိတ်ဓါတ်နှင့် ဂုဏ်ရောင်ကို ထွန်းလင်းစေခဲ့သော ထားဝယ်သူ ``သူရမချစ်ပို ´´ ရဲ့ အေးချမ်းစွာ လဲလျောင်းအိပ်စက်ရာ နေရာလေးကို သချိင်္ုင်းဂူအဖြစ် မသတ်မှတ်ဘဲ မချစ်ပိုရဲ့လဲလျောင်းအိပ်စက်ရာ စံအိမ်လေးအဖြစ် ထာဝရသတ်မှတ် သိရှိစေနိုင်ဖို့ ရည်ညွှန်းရည်ရွယ် ဖော်ပြလိုက်ရပါတယ်။
#Credit
No comments:
Post a Comment