Monday, November 4, 2019

အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများ

(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)

(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း

(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း

(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း


(၁) အောင်ဆန်းသူရိယ အေးချို
-----------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၅၁၈၀

ဘွဲ့ရစဉ်အဆင့် - ဗိုလ်မှူး

အမည် - အေးချို(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၈)

ဘွဲ့ရရှိစဉ်တာ၀န်ထမ်းဆောင်သည့်တပ် - ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင် နတ္တလင်းတွင်တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်မျးပြားသောရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် ကွန်မြူနစ်တပ်များ ဆက်လက်ပြီး မချီတက်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ထူးကဲမြင့်မားလှသောရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သောစိတ်ဓါတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာဒဏ်ရာရရှိကာ ၁၉၄၈ သြဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အတွက်တာ၀န်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံးချီးမြှုင့်ခြင်းခံရသူဖြစ်သည်။

(၂) အောင်ဆန်းသူရိယ တိုက်ချွန်း
-------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၇၂၈၈

ဘွဲ့ရစဉ်အဆင့် - ဗိုလ် (နောင်တွင်ဗိုလ်ကြီး)

အမည် - တိုက်ချွန်း

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာ၀န်ထမ်းဆောင်သည့်တပ် - အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့် ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏ဝုိင်း၀န်းပစ်ခတ်ခြင်းကိုခံနေရစဉ် ဗိုလ်တိုက်ချွန်းသည် ရန်သူများအတွင်း၀င်ရောက်ကာ အများအပြားကျဆုံးအောင် သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။

ဗိုလ်တိုက်ချွန်းသည် ယင်းသို့စံတင်လောက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ပြုလောက်သည့်စွန့်စားခြင်းတို့ဖြင့် ၁၀-၄-၄၉ နေ့ စော်ဘွားကြီးကုန်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၆-၄-၄၉ နေ့ ဦးစက္ကိန်ကျောင်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၈-၄-၄၉ နေ့ ရန်သူ့ခံကတုတ်ကိုချေမှုန်း တိုက်ခိုက်ရာတွင်လည်းကောင်းအသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ တာ၀န်ထမ်းရွက်ခဲ့သည့်အတွက်နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

ဗိုလ်တိုက်ချွန်းသည် ယခင်တိုက်ပွဲတွင်လည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။

(၃) အောင်ဆန်းသူရိယ လှသောင်း
------------------------------
ကိုယ်ပိုင်အမှတ် - ၈၈၈၆၅

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - လှသောင်း(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၉)

ဘွဲ့ရရှိစဉ်တာ၀န်ထမ်းဆောင်သည့်တပ် - အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကိုဝုိင်း၀န်းတိုက်ခိုက်ရာ တပ်သားလှသောင်းသည် အသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ ရန်သူအများအပြားကျဆုံးအောင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခြင်းဖြင့် ရန်သူ၏ထိုးစစ်ကိုဟန့်တားနိုင်ခဲ့သည့်အပြင် မိမိဘက်မှ တပ်ဖွဲ့၀င်များအထိခိုက်မရှိဆုတ်ခွာပေးနိုင်အောင် နောက်ချန်ကာဘရင်းစက်သေနတ်ဖြင့် ကာပစ်ပစ်ပေးနေစဉ်ရန်သူ့လက်ချက်ဖြင့် နိုင်ငံတော်အတွက်အသက်ပေးလှူသူဖြစ်သည့်အလျောက် နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

တပ်သားလှသောင်းသည် ရခိုင်၊မြစ်၀ကျွန်းပေါ်၊ဇီးကုန်း၊၀က်ကော်နှင့် အင်းစိန်တိုက်ပွဲတို့တွင်လည်း အသက်ကိုပဓါနမထားပဲ၊ထူးကဲမြင့်မားသောရဲစွမ်းသတ္တိ၊ကြံခိုင်ထက်မြက်သောစိတ်ဓါတ်တို့ဖြင့် ထူးချွန်စွာတာ၀န်ထမ်းရွက်ခဲ့သူ ဖြစ်သည်။

(၄) အောင်ဆန်းသူရိယ စောမြင့်
----------------------------
ကိုယ်ပိုင်အမှတ် - B/00603

ဘွဲ့ရရှိစဉ်ကအဆင့် - တပ်သား

အမည် - စောမြင့်(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲရရှိစဉ် တာ၀န်ထမ်းဆောင်သည့်
တပ်ရင်း - အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၂) ခြေမြန်တပ်မ ဌာနချုပ်(တွဲဖက်)

ဘွဲ့အပ်နှင်းခံရသော အမိန့်အာဏာ - ၃/အထူး/၅၂

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

တပ်သားစောမြင့်သည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့အဆက်အသွယ်ယူနိုင်ခဲ့ကာ (၂၄.၆.၅၁)တွင် စောဘရီနှင့် အရပ်သား(၄)ဦးပါ အဖွဲ့ငယ်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေအတွင်း ထပ်မံ၀င်ရောက်နိုင်ခဲ့သည်။

တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။

ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ဝိုင်း၀န်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။

တပ်သားစောမြင့်သည် ယင်းကဲ့သို့ မိမိရဲဘော်များအတွက် ကိုယ်ကျိုးမဖက်အသက့်စွန့်ဆောင်ရွက်ချက်သည် အလွန်မြင့်မြတ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည့်အလျောက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့အားချီးမြှင့်ခြင်း ခံရသည်။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။

(၅) အောင်ဆန်းသူရိယ စောဘရီ
----------------------------
ကိုယ်ပိုင်အမှတ် - မရှိ

ဘွဲ့ရရှိစဉ်က အဆင့် - အရပ်သား

အမည် - စောဘရီ (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲ့ရရှိစဉ် တာ၀န်ထမ်းဆောင်သည့် တပ်ရင်း - အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံ၀င်ရောက်နိုင်ခဲ့သည်။

စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ထိုတိုက်ပွဲတွင် ရန်သူများမှ အပြင်းအထန် ဝိုင်း၀န်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။

စောဘရီသည် မိမိအား ပေးအပ်သည့်တာ၀န်ကို ပြီးမြောက်အောင်မြင်သည်အထိ ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိဖြင့် တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည့်အတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့ကိုချီးမြှင့်ခဲ့သည်..။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။
(စောဘရီဟာ အရပ်သားဆိုပေမယ့် အလင်း၀င် ကေအင်ဒီအိုဟောင်းဖြစ်သည်)

(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
--------------------------------

ကိုယ်ပိုင်အမှတ် - ၀၁၉၁၄

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - စွက်(က်) ဗဟာဒူးရိုင်း (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာ၀န်ထမ်းဆောင်သည့်တပ် - အမှတ်(၄)ခြေလျင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၁

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူသောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ တပ်သားစွက်(က်) ဗဟာဒူးရိုင်းသည် မိမိတပ်ခွဲ၏ရိက္ခာတင်ထရပ်ကား(၇)စီးကို ရန်သူဝုိင်း၀န်းပစ်ခတ်မှုမှ ရွပ်ရွပ်ချွံချွံခုခံကာကွယ်နိုင်ခဲ့သည့်အပြင် မိမိတပ်ခွဲအား ရန်သူအင်အားကြီးမားစွာ ဝိုင်း၀န်းပစ်ခတ်နေသည့်ကြားမှ ဘရင်းစက်သေနတ်ဖြင့် ရန်သူ ၁၀၀ ကျော် ကျဆုံးသည်အထိမိမိအသက်ကို ပဓါနမထားပဲ ရန်သူများအတွင်းသို့ရဲဝံ့စွန့်စားစွာ၀င်ရောက် ပစ်ခတ်ရင်း ရန်သူ၏လက်ပစ်ဗုံးထိမှန်ကာ နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့သူဖြစ်သည့်အလျောက် နိုင်ငံတော်၏ အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

စွက်(က်) ဗဟာဒူးရိုင်းသည် ယခင်ကလည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် စစ်သေနာပတိချုပ်က သူရဲကောင်းမှတ်တမ်း၀င်တံဆိပ် ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။


No comments:

Post a Comment